စက္ကူ အပိုင်းအစလေးပေါ်ကနေ ကျက်ထားဖြစ်ခဲ့တဲ့ ကဗျာပါ၊ ကဗျာရေးသူက မြေနု(မြစ်ဝကျွန်းပေါ်) ထင်ပါရဲ.၊ ကျေးလက်ဟာ ကျနော်တို.ရဲ. အသွေးအသား၊ တမျော်တခေါ် မိုးကုပ်စက်ဝိုင်း၊ မြည်းကြည့်ပါ။
ဒါဟာ
တကယ်ပါ အချစ်ရယ်။
စာသင်ခန်းရဲ. တဖက်တချက်
လယ်ကွက်နဲ. ချောင်းရိုး
အရိပ်ထိုး နေဆဲပါ။
ရန်ကုန်မြို. ကနေ မိုင်(၃၀) လောက်ဝေးတဲ့ ကျနော် စာပြခဲ့တဲ့ ရွာကလေး၊ အမှတ်တရ၊ လယ်ကွင်းတွေရဲ. ဟိုဘက်ကမ်း၊ အခုကဗျာ ထဲကလို အမှောင်ကျနေတဲ့ မတိုးတက်နိုင် သေးတဲ့ လယ်ကွက်တွေ ချောင်းရိုးတွေ၊ သစ်ခုတ်ဝါး ခုတ်ရင်း အမှောင်ကျ နေတဲ့ ဘ၀တွေ၊ စာသင်ရင်း ငှက်ဖျားတက် နေတဲ့ကလေး၊ (၂)တန်း (၃)တန်း လောက်နဲ. ကျောင်းထွက် ခဲ့ရတဲ့ ကလေးတွေ၊ ၁၉၈၇၊ လွမ်းတယ်။
အတု မမြင်
အတတ် မသင်
ရင်နာဖွယ်လား ကြင်နာဖွယ်လား
နားမလည် နိုင်တော့ ဘူးလေ။
ဝါးရွက်ကြိုကြားက ကျနေတဲ့ လရောင်၊ လှိုင်မြစ်ထဲမှာ ဆရာဇော်ဂျီရဲ. ဗေဒါတွေ မြစ်အပြည့်၊ ဟိုအဝေးက ဟင်္သာတ ထွန်းရင်ရဲ. 'ချစ်ဦးမောင့်ထံ ပြန်လာပါ´ ပျံ.လွင့်၊ အဲဒါ ကျေးလက်ပါ၊ အရိုးသားဆုံး မျက်နှာတွေ၊ တို.မျက်နှာမှာ နံ.သာပျောက်လို. လှည်းစာ ခေါက်ကို အိုင်အိုင် အေးအောင် သွေးကြပါအေ….ဆိုတဲ့ ကောက်စိုက်မ အိုင်ချင်း တစ်ခုကို သတိရမိသေး၊ သူတို. မျက်နှာမှာ ကျေးလက်ဟာ အထင်းသားပဲ့ရွဲ.၊ အတုမမြင် အတတ်မသင်၊ တီဗီ.. အင်တာနက်.. hiphop…AIDS ……. ဘာမှမရှိ၊ အနာဂတ် လည်း မရှိခဲ့ပါ။
နေ.ဘက် စာသင်
ညတွင် ကိုင်းထောက်
(၂)နှစ်လောက် တစ်တန်း
၎ တန်း ရောက်တော့
တချို.က လယ်ဘက်
တချို.က မြို.တက်
ပညာဆက်ပြီး ရှာကြတယ်။
ဘ၀ဆိုတာကိုနားလည် ခွင့်ရခဲ့တဲ့ ကျေးလက်၊ ချောင်းမြောင်း လယ်ကန်သင်း တွေထဲက အနားတွန်.လိပ် ကျောင်းစာအုပ်တွေ၊ သူတို.ရဲ. ကလေးဘ၀တွေဟာ နိဗ္ဗာန်ဘုံ ပျောက်ဆုံးခြင်း၊ တစ်တန်းကို(၂)နှစ်လောက်နေရင်းနဲ.မှေးမှိန်ဖျော.တော့ခဲ့ရတဲ့ အနာဂတ်၊တချို.ကတော့ မြို.ပြဆီ ဆက်လက် ထွက်ခွါ၊ လူတလုံး သူတလုံး ဖြစ်ဖို.မျော်လင့်ချက် တွေနဲ.ပေါ့။
ကြိုးစားပါဆရာ
လိုရာဖန်တီးမယ်
ကျနော်တို.ဟာ
မင်္ဂလသုတ် တ၀က်တပျက်
စစ်မက်နဲ. ကြီးပြင်း
ပြေးလွားရင်း စာငတ်
ဘာတတ်လို.လဲ ဆရာရယ်…တဲ့။
ဆရာစားဖို. လက်ဘက်ရည် ပန်းကန်လေး တွေထဲက ဟင်းတချို.၊ ဆရာ့အတွက် တစ်အိမ် ထင်းတစ်စည်း၊ ကလေးတွေ အတွက် လိုလေသေး မရှိ၊ ဟိုအဝေးက ပြည်တွင်းစစ်၊ မပြီးဆုံးနိုင်တဲ့ ပြည်တွင်းစစ်၊ စစ်မက်နဲ. ပွေ.ဖက်ရင်း နာကျင်နေတဲ့ ဘ၀တွေ၊ တနိုင်ငံလုံး စာတတ်ပြီလို. ဆိုထားတဲ့ တိုင်းပြည်က စာမတတ် လယ်ခုတ် ယာခုတ် ဘုံကျွန်တွေ၊ သူတို.ကလေးတွေအတွက် ပညာဘာလို. ဆာလောင် နေကြသလဲ။
ဒါဟာ
တကယ်ပါ အချစ်ရယ်။
ဒါဝင်၊ နယူတန်၊ အိုင်းစတိုင်း…
မြို.ပြ၀ိုင်း တွေမှာ
တချို. နားရိုင်းတုန်း
ဗြုန်းကနဲ တိုးတက်ဖို.
ကျေးလက်ဟာ
ဆေးချက် လိုသေးတယ်။
ဒါဝင်၊ နယူတန်၊ အိုင်းစတိုင်း အစရှိတဲ့ သိပ္ပံပညာရှင်တွေ၊ နိုဗယ်ဆုရှင်တွေ၊ ဗင်ဂိုး၊ ဂေါ်ဂင်၊ ပီကာဆို.. အစရှိတဲ့ အနုပညာရှင်တွေ.. မြို.ပြဟာ စာမဖတ်နိုင်၊ စာမဖတ်ကြတော့၊ ရူးဟန်ဆောင်ရင်း အလဲလဲ အပြိုပြို၊ အို..ဘုရားရေ၊ ကျေးလက်ဟာ ဆိုဖွယ် နတ္တိ၊ မှောင်ကျနေတဲ့ ညတွေထဲ ကြယ်ရောင် တိမ်ဖုံးလို.၊
ဒါဟာတကယ်ပါအချစ်ရယ်…
ဒါဟာ
တကယ်ပါ။
ဒီဝေဒနာ
နေရာတကာ ကုသ
ပထမ ခြေလှမ်း
သန်စွမ်းဖို.လိုကြောင်း
ခေါင်းလောင်းသံချို ပဲ့တင်ထပ်
မြို.အရပ်သူ သိပါတော့….။
မြို.အရပ်သူရဲ. …….
ဒီမှာ စပါးပင်တွေ ယိမ်းနွဲ.၊ မြစ်ရေ တသွင်သွင်နော့ ၊ရွှံ.ဗွက်တွေရဲ. မြေကြီးဆန်မှု၊ မွှေးပျံ.ပျံ. ငပိနံ.နဲ. တို.စရာ၊ နွားအော်သံ၊ ကြက်အော်သံ ကျေးလက်ဂီတ၊ လာလှည့်၊ ခေါင်းလောင်းသံ ချိုချို နားထောင်ကို နားထောင်ပါလှည့်၊ ပထမခြေလှမ်း၊ ပျိုးပင်တို. ညိုးလျော်၊ မသန်စွမ်းသော ငါတို. ကလေးများ…..
ရှင်လျက်သေဆုံးနေကြ……
ရှင်လျက်သေဆုံးနေကြ…..
ဝင်းကို
၂၁-၃-၁၂